ခရစ်တော်အားဖြင့် လူသစ်

မင်္ဂလာပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ဘုရားသခင် ဟာ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ကို ပို့ဆောင် နေတဲ့ ဘုရားဖြစ်ပါတယ်။ အထူး သဖြင့် ကျွန်တော်တို့ရဲ့အသက်တာကို ကျွေးမွေးတဲ့ဘုရား၊ စောင့်ရှောက်တဲ့ဘုရား၊ ကယ်တင်တဲ့ဘုရား ဖြစ်တယ်။ ကျွနု်တော်တို့ရဲ့ အသက်တာကို အကောင်းဆုံး လမ်း ပြတဲ့ဘုရားလည်း ဖြစ်ပါတယ်။ ဒီအချိန်ခါသမယမှာ လူတွေတော်တော်များများ စိတ်ဝင်စားတာ ဘာလဲဆိုရင် ခရစ္စမတ်၊ ပြီးရင် ဟက်ပီးနယူးယား ဆိုပြီးတော့ စိတ် ဝင်စားကြတယ်။ ကျမ်းစာထဲမှာ ခရစ္စမတ် မပါပါဘူး။ ပြီးတော့ New Year ဆိုတာလဲ မပါပါဘူး။ ကျွန်တော် ကျမ်းစာထဲမှာ ရှာကြည့်ပါတယ်။ New Year ဆိုတဲ့ စကားလုံး၊ နှစ်သစ်ဆိုတဲ့ စကားလုံး လုံးဝမတွေ့ပါဘူး။ မတွေ့ပေမယ့် ဤအရာကို လူတွေက တော်တော်စိတ်ဝင်စားနေကြပြီးတော့ အဲ့ဒီအတွက် လုပ်ဆောင်နေကြပါတယ်။ ဘုရားသခင်လည်း စိတ်မဝင်စားပါဘူး။ ဘုရားသခင်စိတ်မဝင်စားတဲ့အတွက် ကျမ်း စာထဲမှာ မရေးထားပါဘူးဆိုတာ ကျွန်တော်တို့ နားလည်ရပါတယ်။

ဒီလိုဆိုရင် နှစ်သစ်နှင့်ပတ်ပြီးတော့ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ မှာ၊ ဘာရှိသလဲကြည့်တဲ့အခါမှာ ဒေသနာကျမ်း အခန်းကြီး(၁)ထဲမှာ

ကြည့်တဲ့အခါ၊ (အငယ်-၉)မှာ “ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာနှင့်တူ၏။ ယခုပြု သောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သောအရာမရှိ” အဲ့ လိုပြောပါတယ်။ ဒေသနာဆရာ သွန်သင်ထားတဲ့ သူ့ရဲ့ဒေသနာကတော့ ဖြစ်ဖူးတဲ့ အရာဟာ ဖြစ်လတံ့သော အရာနှင့်တူတယ်။ မနက်ဖြန်ဖြစ်မယ့်အရာက အရင်တုန်း က ဖြစ်ဖူးတဲ့အရာနှင့်အတူတူပါပဲ ဘာမှ မထူးပါဘူး။ ဒီလေပဲရှူရမှာပါ။ နေလည်း ဒီနေပဲ၊ ဆက်ပြီးတော့ကြည့်နေရမှာ ရေလည်းဒီရေပဲ သောက်နေရမှာပါ။ ဘာမှမ ထူးဘူး။ အိမ်အသစ်ကလည်း ဟောင်းသွားမှာပါပဲ။ စကားအသစ်တွေ သုံးနေရင် လည်း ပြောင်းသွားမှာပါ။

 လူတွေက ဘုရားကိုကိုးကွယ်တဲ့ ပုံစံတွေတောင်မှ အသစ် အသစ်တွေ လုပ်တယ်။ အဲ့ဒီအရာတွေလည်း ဟောင်းသွားမှာပဲ၊ ကောင်းကင်အောက် မြေကြီး ပေါ်မှာ အသစ်သောအမှုအရာ လုံးဝမရှိဘူးလို့ ကျမ်းစာထဲမှာ ပြောထားပါ တယ်။ (အငယ်-၁၀)မှာ ဘာပြောလဲ။ “ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။” အရင်တုန်းကလည်း အသစ်သစ်လို့ ပြောတာပါပဲ။ အခု ဟောင်းသွားကြပြီတဲ့။ အဲ့ဒါ ကြောင့်မို့လို့ ကောင်းကင်အောက်မြေကြီးပေါ်မှာ ဤအရာ ဘာတစ်ခုမှ အသစ်မရှိဘူး ဆိုတာ ကျွနု်တော်တို့ နားလည်ရတယ်။ အဲ့တော့ အသစ်မရှိတဲ့အရာကို မိတ်ဆွေရဲ့ အသက်တာထဲမှာအသစ်၊အသစ်ဆိုပြီးတော့ လုပ်ယူနေတဲ့အရာတွေလည်းရှိပါတယ်။

တစ်ချို့လူတွေက အသစ်ကို လိုချင်လွန်းအားကြီးလို့၊ ကောင်းချီးအသစ်ကို ရချင်လွန်းအားကြီးလို့ အသက်တာကို ဆက်ကပ်နေကြတာလည်း ရှိပါတယ်။ အထူး သဖြင့် ဆုတောင်းနေကြတာလည်း ရှိပါတယ်။ ပြင်ဆင်နေ ကြတာလည်း ရှိပါတယ်။ သမ္မာကျမ်းစာက ခရစ်တော်ဘုရားမပါဘဲနှင့် ကျွန်တော်တို့ ကြိုးစားနေတဲ့အရာ၊ လုပ်ဆောင်နေတဲ့အရာက အချည်းနှီးပဲ၊ ခရစ်ယာန်ဆိုတာ ခရစ်တော်မပါဘဲနှင့် လျှောက်လှမ်းရတဲ့ အသက်တာမဟုတ်ပါဘူး။ ခရစ်တော်မပါဘဲနှင့် အသက်ရှင်နေတဲ့ အသက်တာ၊ ကြိုးစားနေတဲ့ အသက်တာဟာ အတုပါပဲ။ ခရစ်တော်နှင့်တူနေအောင် လိုက်တုနေရင်တော့ အတုပါပဲ။ခရစ်တော်ဘုရားက အထဲကနေပြီးတော့ လုပ်ဆောင် သွားမှ ခရစ်တော်ဘုရားက အထဲကနေပြုပြင်သွားမှ ကျွန်တော်တို့ရဲ့အသက်တာက စစ်မှန်တဲ့ ဘုရားသခင် လိုချင်တဲ့ပုံသဏ္ဌာန်ဖြစ်လာမှာပဲ။ ကျွန်တော်တို့ မွေးစက တည်းက ကျွနု်တော်တို့ ဇာတိလူဖြစ်တယ်။ ဇာတိအနေနဲ့မွေးလာတာ။ အာဒံ နှင့်ဧဝ ကနေ ဆင်းသက်လာတဲ့အတွက် ဇာတိပကတိလူတွေ ဖြစ်တယ်။ အဲတော့ ဇာတိ ပကတိလူတွေရဲ့ အသက်ရှင်မှုဟာ ဘုရားမပါဘဲနဲ့ခရစ်တော် မပါဘဲနဲ့ ကြိုးစားနေတဲ့ အရာကို ဘုရားသခင်က လက်ခံဘူး။ ကျမ်းစာက ဘာပြောသလဲဆိုတော့ (ဂလာတိ ၆းရ)မှာ “အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူတို့သည် မျိုးစေ့ကြဲသည်အတိုင်း အသီး အနှံကို ရိတ်ရလိမ့် မည်လို့ ပြောပါတယ်”။ အသီးအနှံဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်ရတယ်။ ဇာတိအနေနဲ့ ကြိုးစားတဲ့အရာက တော့ ဘုရားသခင်ရှေ့မှာ ပုပ်ပျက်ခြင်းအသီးအနှံပဲ ဖြစ်ပါလိမ့်မယ်ဆိုတာ သမ္မာ ကျမ်းစာက သတိပေးပါတယ်။

အဲဒီတော့ ကျွန်တော်တို့ အဲဒီအသစ်လုပ်လို့မရတဲ့အရာကို ဘုရားသခင်က ဘာလုပ်ပေးသလဲဆိုတာ သမ္မာကျမ်းစာကို လေ့လာကြည့်တဲ့အခါမှာ လူလုပ်မရတဲ့ အရာ၊ လူကျင့်လို့မရတဲ့အရာ၊ ဘုရားသခင် ဘယ်လိုလုပ်ပေးသလဲဆိုတာ သမ္မာ ကျမ်းစာထဲမှာ ကျွန်တော်တို့ နည်းနည်းလေ့လာကြ ဖို့လိုပါတယ်။ ဒီကနေ့ ဘုရားမပါ ပဲနဲ့ ဘာသာရေးမှာ စိတ်အားကြီးနေတာတွေ၊ ကြိုးစားလုပ်ဆောင်နေတဲ့အရာတွေက အချည်းနှီးပဲဖြစ်တယ်။ ဂိုဏ်ဂနကွဲ ပြီးတော့ ပိုကွဲသွားမယ့်၊ အသင်းတော်ကွဲပြီးတော့ ပိုကွဲသွားမယ့် အသင်းတော်မှာ ပိုပြီးတော့ ပြသနာတက်လိမ့်မယ်။ ရာထူးတွေ လုတဲ့ ပြသနာတွေ ဖြစ်ကြလိမ့်မယ်။ အလှူငွေနှင့်ပတ်သက်ပြီးတော့မှ ပြသနာတွေ၊ စကား တွေ များပေလိမ့်မယ်။ အသက်တာမှာ ဝမ်းနည်းစရာတွေပဲ။ အဲ့ဒီအရာတွေက ဇာတိ ရဲ့အသီးတွေ ဖြစ်တယ်။ အဲ့ဒီကြောင့်မို့လို့ ဘုရားမပါဘဲ၊ ခရစ်တော်အထဲမနေ ဦးမ ဆောင်ဘဲ၊ ခရစတော်ရဲ့သဘောတော်နှင့် မလုပ်ဆောင်တဲ့အရာက အချည်းနှီးပဲ။ တစ်ချို့သောသူတွေက အဲ့ဒီဇာတိအရာအပေါ်မှာပဲ ကျေနပ်နေကြတယ်၊ အားရနေ ကြတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတယ်။ ဘုရားသခင်ရဲ့အမြင်မှာ ဘယ်လို ရှိသလဲဆိုတာ နားမလည်ဘူး။

ဘုရားသခင်က ကျွန်တော်တို့ရဲ့အသက်တာအတွက် ဘာလုပ်ပေးသလဲ ဆိုရင် (ဟေရှာယ ၄၃း၁၈-၁၉)မှာ “ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ ကြနှင့်၊ ရှေး ကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်” အဲလိုပြောပါတယ်။ ဖြစ်ဖူးသောအရာကို မအောက်မေ့ကြနှင့်။ ၂၀၁၄-ခုနှစ် ဘာဖြစ်လဲ? ဘယ်လို အသက်ရှင်လဲ? ဆိုတာ ခဗျင်္ားမကြွားနဲ့။ အဲ့ဒီအရာပေါ်မှာ တစ်ချို့လူတွေက ငါဘယ်လောက်လုပ်ခဲ့လဲ? ငါ ဘယ်လောက်အောင်ခဲ့လဲ? ဘယ်လောက် အဆင်ပြေခဲလဲ? ဆိုပြီးတော့ ကြွားချင်တဲ့ လူတွေရှိတယ်။ ကျမ်းစာက ဖြစ်ဖူးသောအရာကို၊ ပြီးခဲ့တဲ့အရာကို မအောက်မေ့နှင့်။ ရှေးကာလအရာကိုလည်း ပမာဏမပြုကြနှင့်လို့ ပြောပါတယ်။ ဘုရားသခင်က အဟောင်းဆိုတာ မလိုချင်ဘူး။ အရင်က ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘုရားသခင် မကြိုက်ဘူး။ ဘုရားသခင်က ဘာဆက်ပြောလဲ၊ (အငယ်-၁၉)မှာ “ကြည့်ရှုလော့၊ အမှုသစ်ကို ငါပြုမည်။ ယခုပေါ်လာလိမ့်မည်။” အဲ့လိုပြောပါတယ်။ အမှုသစ်ကို ငါပြုမည်။ ဒါကြောင့် အသက်သောအရာကို လုပ်နိုင်တာ ဘုရားပဲ ဖြစ်တယ်။

ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခဲ့တဲ့သူဟာ ဘုရားပဲ၊ ကျွန်တော်တို့ လူတွေက ဘာမှမလုပ်နိုင်ဘူး။ ဘုရားပေးထားတဲ့ အသက်ပဲရှင်နေရတယ်။ ဘုရား ကျေးဇူးတော်မပါရင် ကျွနု်တော်တို့ အသက်လို့တောင် မရဘူး။ အဲ့ဒါကြောင့်မို့လို့ အမှု သစ်ကို ပြုနိုင်တာ ဘုရားပဲဖြစ်တယ်။ အဲ့ဒီတော့ ဘုရားသခင်က ဘာအမှုသစ်ကို ပြုမှာလဲဆိုတာ ကျွန်တော်တို့ သမ္မာကျမ်းစာ၌ နည်းနည်းလေးကြည့်ရအောင်။ ဘုရား သခင် ဘာအမှုသစ်ကို ပြုမှာလဲ? (ယေဇကျေလ ၁၁း၁၉-၂၀)မှာ “ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံး ကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်”လို့ ဘုရားသခင် ပြောပါတယ်။ ဘုရားသခင်ပြုမယ့် အမှုသစ်က ဘာလဲဆိုရင် ကျွန်တော်တို့ အသက်တာအထဲမှာ ဘာပြောလဲ? “စိတ်နှလုံးအသစ်ကို ငါသွင်းပေးမည်။ စိတ်ဘောအသစ်ကို ငါသွင်း ပေးမည်”လို့ ပြောပါတယ်။ အဲ့တော့ ကျွန်တော်ရဲ့အသက်တာဟာ အဖေအမေက မွေးလာတဲ့၊ အာဒံက မွေးလာတဲ့ ဗီဇမျိုးရိုးက အဟောင်းဖြစ်တယ်။ ဇာတိဖြစ်တယ်၊ အဲဒီဇာတိနဲ့အသက်ရှင်နေတဲ့ အသက်တာကတော့ ဘုရားမပါရင် ငရဲသွားမှာပဲ။ ဆုံးရှုံးမှာပဲ၊ အမင်္ဂလာနဲ့ အသက်ရှင်ရမှာပဲ။ အဲတော့ ဘုရားက ကျွနု်တော်တို့ကို ပြောင်းလဲစေချင်တယ်။ ပြောင်းလဲအောင် အမှုသစ်ကို ကျွန်တော်တို့ရဲ့ အသက်တာ ထဲမှာပြုမယ့် ဘုရားဖြစ်တယ်။ အဲ့ဒီတော့ စိတ်နှလုံးအသစ်နဲ့သဘောအသစ်ကို သူသွင်းပေးမယ်တဲ့။ ကျောက်နှလုံးကို ထုတ်ပြီးတော့အသား နှလုံးကို ပေးမယ်လို့ ကျမ်းစာ၌ ဘုရားသခင် ကတိပေးထားပါတယ်။ အဲဒီအသားနှလုံးဟာ ဘာလဲ? ကျောက်နှလုံးဟာ ဘာလဲ? ကျောက်နှလုံးဆိုတာ ဓမ္မဟောင်းက ပညတ်တရားကို ပြောပြီးတော့၊အသားနှလုံးဆိုတာက ယေရှုခရစ်တော်တည်းဟူသော ကျေးဇူး တရား ကို ပြောတာ ဖြစ်တယ်။

အဲဒါကြောင့်မို့လို့ ဓမ္မဟောင်းကာလမှာဆိုရင် ဘုရားရဲ့ ပညတ်တော်ဟာ ဆိုရင် အပြင်မှာ လူကကြည့်ပြီးတော့ လူ့ရဲ့အပြင်မှာပဲရှိတယ်။ လူကကြည့်ပြီးတော့ အဲ့ဒီပညတ်တရားကို လိုက်လျှောက်ကြပါတယ်။ ဒါပေမဲ့ ကျေးဇူးတော် ကာလရောက် တဲ့အခါမှာ ဘုရားက လူ့ရဲ့ဘေးနားမှာ နေတာမဟုတ်ဘဲ၊ ကျောက်ပြားပေါ်မှာ ပညတ်တရားကိုရေးထားတာ မဟုတ်ဘဲနဲ့ အသားနှလုံးတည်းဟူသော ယေရှုခရစ် တော် ကိုယ်တိုင်က ကျွန်တော်တို့ နှလုံးသားထဲကို ကြွရောက် လာပြီးတော့မှ အုပ်စိုး မှာ ဖြစ်တယ်။ (၁ကော၊ ၃း၁၆)မှာ “သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ ၀ိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်း ဝပ်တော်မူသည်ကိုလည်း ကောင်း၊ မသိကြသလော။”

အဲ့ဒါကြောင့် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံတဲ့အခါမှာ ခရစ် တော်ဟာ ကျွန်တော်တို့ နှလုံးသားထဲကို ရောက်လာတယ်။ အဲဒီခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ အသားနှလုံးကိုရတယ်။ အဲဒီခရစ်တော်အားဖြင့် အသားနှလုံးကို ရလာတဲ့အခါမှာ ခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ သဘောအသစ်ကိုရလာ တယ်။ ဓမ္မသစ်ကာလကို ကြည့်တဲ့အခါမှာ နတ်ဆိုးစွဲတဲ့သူတွေ ကျွန်တော်တို့ တွေ့ ရတယ်။ နတ်ဆိုးစွဲတဲ့အချိန်မှာ နတ်ဆိုးရဲ့ပုံသဏ္ဌာန်အကုန်လုံးပေါက်ပြီးတော့ ယေရှု ခရစ်တော်ကိုတောင် ဆန့်ကျင်တယ်။ ဒါပေမဲ့ ယေရှုခရစ်တော်က အဲ့ဒီနတ်ဆိုးကို နှင် ထုတ်ပြီးတော့ ခရစ်တော်ကို ရလာတဲ့အခါမှာ သူရဲ့ခြေထောက်တွေ၊ သူ့ရဲ့အသက် တာတွေဟာ ခရစ်တော်ဘုရားနောက်ကို လိုက်လာတယ်ဆိုတာ ကျွန်တော်တို့ တွေ့ ရတယ်။ ခရစ်တော်ရဲ့အစေကို ခံချင်တယ်။ ခရစ်တော်က ပြောခိုင်းတာကို ပြော ချင်တယ်။ ခရစ်တော်အတွက်ကို အသက်ရှင်ချင်တယ်။ နှလုံးသားထဲက သဘော အသစ်ရသွားတဲ့အတွက် နှလုံးသားထဲကနေ ဘုရားကိုချစ်ပြီး၊ နှလုံးသားထဲကနေ ပြီးတော့ ဘုရားကို ကြောက်ရွံ့ပြီးတော့ နာခံချင်တဲ့အသက်တာ ဖြစ်လာတယ်။ အဲဒါ ဟာ ပညတ်တရားအားဖြင့်လည်း မဟုတ်ဘူး။ သူများခိုင်းလို့လဲမဟုတ်ပါဘူး။ သူများ ခိုင်းခိုင်း မခိုင်းခိုင်း၊ ကျမ်းစာဖတ်ချင်တယ်။ သူများခိုင်းခိုင်း မခိုင်းခိုင်း ဆုတောင်းချင် တယ်။ သူများခိုင်း ခိုင်းမခိုင်းခိုင်းပေးလှူချင်တယ်။ သူများက မတိုက်တွန်းရင်တောင် မှ ဘုရားရဲ့ကောင်းမြတ်ခြင်း ဧဝံဂေလိတရားကို သူများအားဝေငှချင်တယ်။ အဲ့ဒီအ ရာက အသစ်သော သဘောဖြစ်တယ်။

အဲ့ဒါကြောင့်မို့လို့ မိတ်ဆွေရဲ့အသက်တာထဲမှာ မိတ်ဆွေပြောင်းလဲဖို့ ရန် အတွက် မိတ်ဆွေကိုယ့်ဇာတိနဲ့ ကြိုးစားနေမယ်ဆိုရင် ဇာတိအသီးပဲ သီးလာမယ်။ ပုပ်ပျက်ခြင်းအသီးပဲ သီးလာမယ်။ ဝမ်းနည်းစရာအသီးပဲ သီးလာမယ်။ အဲ့ဒါကြောင့် အသက်တာထဲမှာ အရေးကြီးဆုံးအရာက ဘုရားပေးတဲ့ သဘောသစ်ဖြစ်တဲ့ ယေရှု ခရစ်တော်ကိုရဖို့အရေးကြီးတယ်။ (၂ကော၊ ၅း၁၇)မှာ “လူမည်သည်ကား ခရစ်တော် ၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်တယ်၊ ဟောင်းသောအရာတွေဟာ ပြောင်း လဲပြီး ခပ်သိမ်းသောအရာဟာ အသစ်ဖြစ်ကြတယ်။ ထိုသို့ဖြစ်သော် ဘုရားသခင် ရဲ့တန်ခိုးတော်အားဖြင့် ဖြစ်တယ်။” ဒါက ဘုရားဖန်ဆင်းသော၊ ဘုရားပြုသောအမှု သစ်၊ ဘုရားရဲ့တန်ခိုးတော်အားဖြင့် ဖြစ်တယ်လို့ (၂ကော၊ ၅း၁၇-၁၈)မှာ ပြောထား တယ်။

ဒါကြောင့် လူသစ်ဖြစ်ဖို့က အထဲမှာ ယေရှုခရစ်တော်ကို ရဖို့လိုတယ်။ ယေရှု ခရစ်တော်ရှိမှ ခရစ်တော်မရှိဘဲနှင့် မိတ်ဆွေအဝတ်အစားသစ် ဝတ်နေရင်လည်း အလကားပဲ။ ခရစ်တော်ဘုရားမရှိဘဲနဲ့ နှစ်သစ်ကြီးကို ဘယ်လောက်ပဲ ဆယ်ခါကူး နေရင်လည်း မိတ်ဆွေရဲ့အသက်တာ ဘာမှထူးလာမှာ မဟုတ်ဘူး။ ဝမ်းနည်းတဲ့ အသက်တာ၊ ဒေါသ၊ လောဘ၊ မောဟ၊ အတ္တထဲမှာ - ဇာတိထဲမှာပဲ မိတ်ဆွေရဲ့ အသက်တာ အချိန်ကုန်လာမယ်။ အမင်္ဂလာထဲမှာ အချိန်ကုန်လာမှာမကဘူး။ တစ် နေ့သေရင် ငရဲမှာပဲ လမ်းဆုံးမယ်။

 အဲ့ဒါကြောင့်မို့လို့ လူသစ်၊ သတ္တဝါသစ် ဘုရား သခင်ပြင်ဆင်ပေးတဲ့ ကောင်းကင်အသစ်ကို ဝင်နိုင်ဖို့ရန်အတွက် မိတ်ဆွေဟာ နှလုံး သားအသစ်ရဖို့ လိုတယ်။ ခရစ်တော်အားဖြင့် ဘုရားသခင် ဖန်ဆင်းပေးတဲ့ နှလုံးသား အသစ်ကို ရရှိဖို့ရန်အတွက် ဒီကနေ့ မိတ်ဆွေနှလုံးသားထဲမှာ ယေရှုခရစ်တော်ကို နေရာပေးပါ။ ယေရှုခရစ်တော်ဟာ မိတ်ဆွေရဲ့အသက်တာထဲကို ရောက်လာပြီဆိုရင် မိတ်ဆွေရဲ့ လူသစ်၊ သတ္တဝါသစ် ဖြစ်ပြီးတော့ ဘုရားသခင်ရဲ့ မျက်မှောက် တော်မှာ ဘုရားသခင် အသစ်လို့ မြင်ပြီး၊ ဘုရားလက်ခံပြီး၊ မိတ်ဆွေတို့ရဲ့ နာမည်စာရင်းကို ကောင်းကင်အသစ်မှာ စာရင်းသွင်းပေးလိမ့်မယ်။ မိတ်ဆွေရဲ့အသက်တာဟာ ဝမ်း မြောက်စရာအသစ်၊ ကောင်းကြီးမင်္ဂလာအသစ်၊ ဘုရားရဲ့မျက်မှောက်တော်မှာ မင်္ဂလာရှိသောအသက်တာနဲ့ မိတ်ဆွေအသက်ရှင်ရမှာ ဖြစ်တယ်။

ဒါကြောင့်မို့လို့ ဘုရားပြုသောအမှုသစ်ဖြစ်တဲ့ ယေရှုခရစ်တော်တည်းဟူ သော သဘောအသစ်၊ စိတ်နှလုံးအသစ်ကို ယေရှုခရစ်တော်အားဖြင့် ယနေ့လက်ခံ ဖို့ရန်အတွက် မိတ်ဆွေတို့ကို တိုက်တွန်းချင်တယ်။ မိတ်ဆွေကို ခရစ်တော်ဘုရား အား မိမိအသက်တာကို ဆက်ကပ်စေချင်တယ်။ မိတ်ဆွေအတွက် အချိန်မရှိပါဘူး။ ဒါဟာ နောက်ဆုံးသောကာလ ဖြစ်တယ်။ နောက်ဆုံးသော နေ့ရက်ဖြစ်တယ်။ ဘုရား သခင် ကတိတော်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စကားတွေ ပြည့်စုံလာပြီ ဖြစ် တယ်။ ဘုရားသခင်ဟာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးမယ်။ ကောင်းကင်သစ် နှင့်မြေကြီးသစ်ကို အသစ်သောသတ္တဝါ မွေးဖွားတဲ့ခရစ်တော်၌ ဒုတိယမွေးခြင်း ခံသောသူတွေ ဝင်စားဖို့ရန်အတွက် ဘုရားသခင် ပြင်ဆင်ထားပေးတယ်။ ဒါကြောင့် မိတ်ဆွေ ယခုပင်လျှင် မိတ်ဆွေရဲ့ နှလုံးသားထဲကို အသားနှလုံး၊ သဘောသစ်ရဖို့ ထိုယေရှု ခရစ်ဘုရားကို လက်ခံပါလို့ မေတ္တာအားဖြင့် ဝေငှတိုက်တွန်းလိုပါတယ်။

ဓမ္မမိတ်ဆွေများအပေါ်မှာ ဘုရားသခင် အသစ်တဖန်ကောင်းကြီးပေးပါစေ။ 

မေတ္တာဖြင့် - ဆရာစောကေ



No comments:

Post a Comment