ပြဿနာက တစ်ခုမပြီးသေးဘူး။ နောက်တစ်ခုထပ်တက်လာတဲ့အခါ ဘယ်လိုခံစားကြရမှာလဲ။
Covid 19 ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးရဲ့ ပြဿနာကမပြီး သေးဘူး။
အခု စစ်တပ်က မတရားအာဏာသိမ်းပြီး စစ်အာဏာရှင် စနစ်ကြီး တည်တံ့ခိုင်မြဲဖို့ လုပ်နေခြင်းဟာ
မြန်မာပြည်ကြီးအတွက် နောက်ထပ်ပြဿနာတစ်ခု ထပ်ဆင့်လာခြင်းဖြစ်တယ်။
စိတ်ထဲမှာ ကျိန်မနိုင်ခဲမရ ဖြစ်နေကြမှာအမှန်ပါဘဲ။ ဒီလိုအချိန်မျိုးမှာ မတရားမှုက အမှန်တရားကို မတရား အနိုင်ယူတဲ့အခါမှ လူဟာ မခံမရပ်နိုင်ဖြစ်ပြီး လူ့အမျက်ဟာ အလွယ်တကူထွက်လာတတ်ပါတယ်။ အဲဒီအခါမှာ ယုံကြည်သူတွေအနေနဲ့ ဘယ်လိုလုပ်ကြမှာလဲ ။ ယုံကြည်သူဘုရားသား
သမီးများအနေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သွန်သင်လမ်းပြတဲ့အတိုင်း ခွန်အားယူပြီး တုန့်ပြန်ဘို့ဘဲဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကတိကို စွဲကိုင် အသက်ရှင်သွားတတ်ဖို့ဖြစ်တယ်။(ရောမ ၁၂:၁၉-၂၁) ချစ်သူတို့၊ သူတစ်ပါးသည်
သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို
အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။
အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။- ထိုကြောင့်
သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။
ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။- အဆိုးအားဖြင့်
အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။
နှုတ်ကပတ်တော်ကသွန်သင်ထားတာက ပြစ်မှားခံရတဲ့အခါမှာ အပြစ်နဲ့ ပြန်ပြီး မတုံ့ပြန်ကြဖို့
သတိပေးထားပါတယ်။ အပြစ်နဲ့ ပြန်မတုံ့ဘဲ ကိုယ်ကလည်း လူ့အမျက်ကို ထိန်းချုပ်ပြီး ဘုရားသခင်ဆီကို
ဆုတောင်းအပ်နှံရင်း ပြစ်မှားလာတဲ့သူကို ဘုရားသခင်ရဲ့အမျက်တော်အတွက် ဘဲ အခွင့်ပေးလိုက်ဖို့ဖြစ်တယ်။
အဆိုးကို အဆိုးနဲ့ မတုန့်ပြန်ဘဲ အကောင်းနဲ့ဘဲ တုန့်ပြန်ပြီး အကောင်းအားဖြင့် အဆိုးကို
အနိုင်ယူဖို့ဖြစ်တယ်။ အကောင်းအားဖြင့် အနိုင်ယူဖို့ရာကတော့ ဖြစ်ပျက်သမျှအားလုံး ဘုရားသခင်လက်ထဲကို
အပ်နှံလိုက်ဖို့ဘဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့လက်ထဲကို အပ်နှံတဲ့အခါ ဘုရားသခင်က သူ့ခေါင်းပေါ်မှာ
မီးခဲပုံထားလိမ့်မယ်ဆိုတဲ့အတိုင်း သူ့အပြစ်ကို သူတာဝန်ယူသွားရမှာဖြစ်တယ်။
ဆာလံ ဆရာကတော့ ဘယ်လိုပြောခဲ့လည်းဆိုရင် (ဆာလံ ၇:၁၀-၁၁)
သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏အကွယ်အကာ
ဖြစ်တော်မူ၏။ ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍၊ မတရားသောသူကို
အစဉ်အမျက်ထွက်တော်မူ၏။
ဘုရားသခင်ကို ယုံကြည်အားကိုးတဲ့ သူအတွက်တော့ ဘုရားသခင်ဟာ
အကွယ်အကာဖြစ်ပါတယ်။
သခင်ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းကို ခံစားထားရတဲ့
ယုံကြည်သူဟာ ဘုရားသခင်ဆီမှာ ဘဲ ကွယ်ကာမှုကို ရယူကြရပါမယ်။ ဘုရားသခင်က တရားသဖြင့် စီရင်မယ်ဆိုတာကို
နားလည်ပြီး ဘုရားသခင်ရဲ့ လက်တော်ထဲကို ဘဲ အဖြစ်အပျက်အားလုံးကို ပြောဆိုအပ်နှံလိုက်ဖို့ဘဲဖြစ်ပါတယ်။
(ယောဘ ၂၁:၂၈-၃၀) အာဏာထားတတ်သောသူ၏အိမ်သည်
အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့သည် အဘယ်မှာရှိသနည်းဟု
သင်တို့သည် ဆိုကြလိမ့်မည်။ ခရီးသွားသောသူတို့ကို မမေးကြဖူးသလော။ ဖျက်ဆီးရာနေ့ရက်ကာလဖို့
မတရားသောသူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလဖို့
ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့လက္ခဏာသက်သေများကို
မသိကြသလော။
မတရားတဲ့သူတွေ၊ အာဏာကို အစိုးတရလုပ်တဲ့သူတွေ နဲ့ပတ်သက်ပြီး
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သူတို့ရဲ့ အဆုံးနဲ့ပတ်သက်ပြီး မေးခွန်းမေးထားတာဖြစ်တယ်။
သူတို့နေစရာတောင်မှ ဘယ်မှာလဲ ဆိုတာ မသိနိုင်တော့တဲ့ အခြေအနေမျိုးဖြစ်သွားလိမ့်မယ်။အခုသူတို့ဟာ
ဘာမှ စီရင်မခံရသလိုမျိုး လွတ်မြောက်နေပေမဲ့ ဘုရားသခင်ရဲ့ ဖျက်ဆီးရာနေ့ရက်၊ ဒေါသအမျက်ခံရာ
နေရက် အမှန်တကယ်ရောက်လာလိမ့်မှာ ဖြစ်တယ်။
(တရားသူကြီး မှတ်စာ
၁:၅-၇) ထဲမှာ အဒေါနိဗေဇက် မင်းအကြောင်းကို တွေ့ရတယ်။ သူဟာ အရင်က သူအာဏာထားပြီး
အနိုင်ရတုံးက မင်းကြီး (၇၀) ရဲ့ လက်မ၊ ခြေမ တွေကို ဖြတ်ဘူးခဲ့တယ်။ သူနောက်ပိုင်း ယုဒလူတွေရဲ့
လက်ထဲမှာ အရှုံးခံရတဲ့အခါမှာ မင်းကြီး (၇၀) ကို လုပ်ခဲ့သလိုမျိုး သူလည်း တဖန်ပြန်ပြီး
ခံရပြီး နောက် ယေရုရှလင်မြို့ကိုပို့ပြီး အဲဒီမြို့မှာ သေသွားရတယ်။
လူဟာ အာဏာကို အမြဲဆုပ်ကိုင်ထားနိုင်ခြင်း၊ ဘယ်တော့မှ မရှုံးတော့ဘူးလို့
မှတ်ယူလို့မရပါဘူး။ နှုတ်ကပတ်တော်မှာ ဖော်ပြထားတဲ့ ဒီအကြောင်းအရာတွေဟာ ယုံကြည်သူတွေအနေနဲ့
သတိထားဆင်ခြင်ပြီး အသက်တာကို လျှောက်လှမ်းကြဖို့ဖြစ်တယ်။
အဆုံးတနေ့မှာ မတရားတဲ့သူတွေဟာ သူတို့လုပ်ခဲ့သလို
ပြန်ခံစားရမှာ ဖြစ်တယ်။ အဒေါနိဇေဒက် မသေခင် ဘာပြောခဲ့သလဲဆိုရင် (တရားသူကြီး ၁:၇) မှာ
ငါပြုဘူးသည့်အတိုင်း ဘုရားသခင်သည် ငါ၌ အပြစ်ပေးတော်မူပြီ လို့ ဆိုခဲ့ရပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ဟာ မတရားပြုနေတာကို တွေ့နေမြင်နေ
ခံစားနေရပေမဲ့ အခုအချိန်မှာ ဘုရားသခင်ရှေ့တော်မှာ ငြိမ်ဝပ်စွာ နေဘို့ဘဲဖြစ်တယ်။
(ဆာလံ ၄၆:၁၀) ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။
လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
ငြိမ်ဝပ်စွာနေပြီး ဘာလုပ်ရမှာလဲ။ မြန်မာပြည်မှာရှိတဲ့ လူအမျိုးမျိုးအတွက်
ဆုတောင်းရမှာ ဖြစ်တယ်။ လူမျိုးတိုင်းမှာ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့ တောင်းရမှာ
ဖြစ်တယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာများ အားလုံးကို ကြည့်ရင် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားဖို့ဘဲ
ဖြစ်ပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့ အဓိက ဉီးစားပေးလုပ်သွားရမယ့်အရာကတော့
(၁တိ ၂:၁-၂) ဆိုထားတဲ့အတိုင်း ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊
လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊- ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊
ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့
ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို
ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။
ဆုတောင်းခြင်းပြုရမယ်။ မေတ္တာပို့ခြင်းပြုရမယ်။ ကျေးဇူးတော်ချီးမွမ်းခြင်း
အားဖြင့် ဘုရားသခင်ဆီကို အရာအားလုံး အပ်နှံလိုက်ဖို့ဖြစ်တယ်။
ဘုရားသခင်ဆီကို အပ်နှံလိုက်ပြီးတဲ့အခါ၊ ဘုရားသခင်က ဘယ်လိုကယ်တင်ခြင်းပြုလာမလဲ၊ ဘယ်လိုစီရင်ခြင်းပြုသွားမှာလဲ၊
မတရားတဲ့ သူတွေအပေါ်မှာ ဘုရားသခင်ရဲ့ အမျက်တော် ဘယ်လို သက်ရောက်လာမှာလဲ ဆိုတာ စောင့်မျှော်ဖို့ဘဲ
ဖြစ်ပါတယ်။
ဒီနေ့ ဆင်ခြင်ခဲ့တဲ့ နှုတ်ကပတ်တော်အားဖြင့် အားလုံး အပေါ် ဘုရားသခင် အသစ်တဖန်ကောင်းကြီးပေးပါစေ။ (အာမင်)
ဆရာစောအယ်စိုး
No comments:
Post a Comment